International News

၂၀၂၀၊ ဒုတိယသုံးလပတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေး ၁၂.၂ ရာခိုင်နှုန်းကျဆင်း

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံ၊ အမျိုးသားဘဏ်၏ ခန့်မှန်းစာရင်းများအရ ယခုနှစ်၊ ဒုတိယသုံးလပတ် ကာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးမှာ ၁၂.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။  ဘယ်လ်ဂျီယံနိုင်ငံသည် ဒုတိယသုံးလပတ်ကာလမစတင်မီ သီတင်းပတ် (၂)ပတ်အလိုတွင်အသွားအလာ ကန့်သတ်မှု (lockdown) ပြုလုပ်ခဲ့ရာ အစားအသောက်ဝန်ဆောင်မှုကဏ္ဍ၊ လက်လီကဏ္ဍများပိတ်သိမ်းထားခဲ့ရပြီး၊ အခြားစီးပွားရေးလုပ်ငန်း များစွာရပ်နားထားရခြင်း၊ ဆိုင်များပိတ်ထားရခြင်းတို့ကြောင့် အလုပ်သမားများစွာအား ယာယီအလုပ်လက်မဲ့ဖြစ်စေခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်ခန့်မှန်းချက်များအရ စီးပွားရေးကျဆင်းမှုမှာ ၃.၉ ရာခိုင်နှုန်းရှိခဲ့သည်။ ဇွန်လအတွက် စာရင်းဇယား များမရရှိနိုင်မှုကြောင့် ဒုတိယသုံးလပတ်အတွက် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများတွင် အတိုင်းအတာတစ်ရပ်အထိ မသေချာမရေရာမှု ရှိနေ ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်က ပြောကြားသည်။

ဒုတိယသုံးလပတ်ကာလအတွင်း အိမ်ထောင်စုများ၏ စားသုံးမှုတွင် ၆.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ အိုးအိမ်များတွင်ရင်းနှီးမြှုပ်နှံမှု၌ ၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။ စီးပွားရေးလုပ်ငန်းများအပိုင်းတွင် ကုမ္ပဏီရင်းနှီးမြှုပ်နှံမှု ၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့သဖြင့် အနာဂတ်အတွက် စီးပွားရေးယုံကြည်မှုကျဆင်းသည့် လက္ခဏာဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၁၁.၈ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၃ ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ၁၃.၃ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်းသိရသည်။ ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်မှ သုံးလပတ် စီးပွားရေး စာရင်းအင်းများစတင်ထုတ်ပြန်ခဲ့သည့် ၁၉၉၅ ခုနှစ်ကတည်းက ယခုကဲ့သို့များပြားသည့် သုံးလပတ် စီးပွားရေးကျဆင်းမှုမတွေ့ရသေးကြောင်း၊ ၂၀၀၈ခုနှစ်၊ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလ၏ စတုတ္ထသုံးလပတ်တွင်စီးပွားရေးကျဆင်းမှုမှာ၂ ရာခိုင်နှုန်းကျော်သာရှိခဲ့ကြောင်းသိရသည်။

သို့ရာတွင် ဒုတိယသုံးလပတ်၌ ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွာရေးကျဆင်းမှု ၁၂.၂ ရာခိုင်နှုန်းမှာ ယခင်ခန့်မှန်းထားသည်ထက်လျော့နည်း၍ ကျဆင်းခဲ့ ခြင်းဖြစ်သည်။ Belfius ဘဏ်၊ ING ဘဏ်နှင့် KBC ဘဏ်တို့က စီးပွားရေးကျဆင်းမှု ၁၅ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအကြားရှိမည်ဟု ခန့်မှန်းထား ကြပြီး၊ BNP Paribas Fortis က ၂၂.၉ ရာခိုင်နှုန်းအထိကျဆင်းနိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာ ကန့်သတ်ထားမှုများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့မှုများအရ ယခုနှစ်၏ တတိယသုံးလပတ်ကာလအား စီးပွားရေးတစ်ဖန်ပြန်လည်နိုးထနိုင်မည့် အလှည့်အပြောင်းတစ်ရပ်အဖြစ် မြင်တွေ့ရရန် စီးပွားရေးပညာရှင်များက မျှော်မှန်းထားကြကြောင်း သိရသည်။ သို့ရာတွင် Covid-19 ကူးစက်မှု များပြန်လည်မြင့်တက်လာမှုနှင့် အချို့သောကဏ္ဍများတွင် ကန့်သတ်ချက်အသစ်များပြန်လည်ချမှတ်လာမှုများကြောင့် ယင်းသို့အပြုသဘော မျှော်လင့်ထားမှုများအပေါ် မသေချာမရေရာမှုများ ရှိနေကြောင်းလည်း သိရသည်။

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်၊ ၃၀-၇-၂၀၂၀)

Category: International News